Tuesday, March 8, 2016

မတွယ်မိစေနဲ့တရားတော်

တွယ်တာမိရင် ဆွဲချလိမ့်မယ်


  • တိဿ     ဆိုတဲ့ ရဟန်းတစ်ပါးဟာ သူ့ညီမက ကောင်းကောင်းမွန်မွန် ချောချောလေးရက်လုပ်ပြီးတော့ လှူလိုက်တဲ့သင်္ကန်းလေး မ၀တ်ရက်သေးလို့ မနက်ကျတော့မှ ၀တ်မယ်ဆိုပြီးအားတင်းထားတာ ညကျတော့ အစာမကျေတဲ့ရောဂါနဲ့ ပျံလွန်တော်မူတယ်။ဒီ သင်္ကန်းပေါ်မှာတွယ်တာပြီးပျံလွန်တော်မူတော့ သန်းဖြစ်နေတယ်။တွယ်တာမှုဟာ အထက်ကို မရောက်နိုင်ဘူး ဆွဲချထားတယ်၊ သီလရှိတဲ့ ရဟန်း၊ တရားဓမ္မ ကျင့်ကြံအားထုတ်နေတဲ့ ရဟန်း၊ သို့သော် သင်္ကန်းလေးပေါ်မှာ သွားပြီး တွယ်တာမိတဲ့အတွက် သန်း သွားဖြစ်တယ်။
  • ဘုန်းကြီး ရဟန်းတစ်ပါး ပျံလွန်တော်မူလို့ရှိရင် အဲဒီ ဘုန်းကြီးပိုင်တဲ့ပစ္စည်းကို “မတသန္တက” လို့ခေါ်တယ်။ ပျံလွန်တော်မူတဲ့ဘုန်းကြီးရဲ့ပစ္စည်းအားလုံးဟာ သံဃိကဖြစ်တယ်။သံဃာတွေအားလုံး ပိုင်ဆိုင်တယ်။ သံဃာတွေက တိဿ     ရဟန်းတော့ပျံလွန်တော်မူသွားပြီ၊ သူ့သင်္ကန်းလေး ကျန်ရစ်တယ်၊ အဲဒီသင်္ကန်းကို “ဝေဘန္တိက” ပြုမယ်ဆိုတော့ အဲဒီသန်းက စိတ်ဆိုးလိုက်တာ၊ “ငါ့သင်္ကန်းကို ဘာလို့ယူမှာတုန်း၊ မပေးချင်ဘူး” တဲ့။
  • ကြည့် ..တွယ်တာတာကို အကြောင်းပြုပြီး ဒေါသပါ ဖြစ်လာတယ်။အဲဒါကို မြတ်စွာဘုရားကကြားလို့ “အဲဒီသင်္ကန်းကို မခွဲဝေကြနဲ့ဦး၊ ခုနှစ်ရက်ထားလိုက်ဦး”လို့ မိန့်တယ်။ သန်း(တိဿ     ရဟန်း)က ခုနှစ်ရက်ပဲ အသက်ရှည်မှာကို ဘုရားကသိတယ်။သူ့သင်္ကန်းလေးပေါ်မှာ ခုနှစ်ရက် အေးအေးဆေးဆေး နေရပြီး ခုနှစ်ပြည့်တဲ့အခါ သက်တမ်းစေ့သေပြီး အတွယ်အတာလွတ်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်သွားတယ်။တွယ်တာမှုက သီလထက်အရင် လက်ဦးသွားပြီး သန်းဘ၀ ရောက်သွားတာ၊ တွယ်တာမှုဟာ ကြောက်စရာအလွန်ကောင်းပါတယ်။
  • ဒါကြောင့် အတွယ်အတာ မထားကြပါနဲ့၊ ကိုယ့်ကိုယ်ကိုလည်း မတွယ်အောင် သတိထားရမယ်။တွယ်တာမှုဆိုတဲ့ “နိကန္တိ” ဆိုတာ အထက်ကိုမရောက်နိုင်အောင် တားဆီးထားတယ်။ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူတဲ့ တရားဓမ္မကို လိုက်နာကျင့်သုံးပြီး အတွယ်အတာတွေ လုံးဝလွတ်မြောက်ကာ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။ ။

No comments:

Post a Comment