Monday, September 10, 2018


ကျောက်ဆည်မြိ့၏ပုဂံပြည့်ရှင် အနုရုဒ္ဓါရဲ့ ဆင်လှူပွဲတော် ငါပြုတော်မူသော ကုသိုလ်စေတီတော်တို့အား တစ်နှစ်တစ်ကြိမ် ဆွမ်းကပ်လှူဒါန်းကြစေ မမေ့မလျှော့ ဆွမ်းတော်ကြီးကပ်လှူကြသော သူတို့သည် စပါးဆန်ရေ ကောက်ပဲသီးနှံဖွံ့ဖြိုး တိုးတက်ချမ်းသာပါစေ။ မေ့လျှော့ပေါ့ဆသူတို့သည် ဆန်ကောနှင့် ကောက်ဆွသာ ကျန်ရှိပါစေ။ ငါ့အား အမျှအတန်းပေးဝေကြသကဲ့သို့ စွယ်တော်မြတ်တင်သောဆင်ဖြူ (ဆင်မယဉ်သာ) ကိုလည်း သတိတရ ဆင်ဆယ်မျိုးတို့၏ အရုပ်တို့ဖြင့် ဆွမ်းတော်ကြီးကပ်ပွဲတွင် ထည့်ဝင်လှူဒါန်းပြီး ဆင်ဖြူ (ဆင်မယဉ်သာ) အား အမျှပေးဝေကြစေ။ အနုရုဒ္ဓါ အို . . . . အရှင်အနုရုဒ္ဓါ သင်၏သစ္စတရားတို့သည်ကား ငါတို့နှလုံးသားဝယ် ယနေ့ထိတိုင် စီးဆင်း သင်းပျံ့စဲ ပါတကား။ ပုဂံပြည့်ရှင်အနော်ရထာမင်းကြီးက ရှင်အရဟံရဲ့ လမ်းညွှန်မှုနဲ့အတူ သီဟိုရ်ပြည် ဓာတုသေနမင်းထံကနေ မြတ်စွာဘုရားရဲ့ လက်ဝဲအောက်စွယ်တော်ပွားကိုပင့်ဆောင်တော်မူခဲ့တယ်။ ပင့်တဲ့အခါမှာ ဆင်မယဉ်သာ(ဆင်ဖြူ )ပေါ်ကိုတင်ပြီးအဓိဌာန်ပြုပြီးတော့ လွှတ်တော်မူလိုက်တယ်။ အဲ့ဒီဆင်မယဉ်သာက ပထမဆုံးရွှေစည်းခုံ ပစ္စယာသုံးဆင့်မှာ ဝပ်တော်မူတယ်။ အဲ့ဒီနေရာမှာ မင်းကြီးက စေတီတစ်ဆူတည်တော်မူလိုက်တယ်။ မင်းကြီးက စွယ်တော်ပွားကို စေတီမှာဌာပနာမထည့်သွင်းခင် အဓိဌာန်ပြုပြီး ထပ်မံပွားတော်မူလိုက်တယ်။ ဆင်မယဉ်သာက ပွားလာတဲ့ စွယ်တော်ပွားကို ပင့်ဆောင်ပြီး တန်ကြည်တောင်ပေါ်ကိုတက်ပြီးဝပ်တယ်။ မင်းကြီးလည်း တန့်ကြည်တောင်မှာ စေတီတစ်ဆူ ထပ်ပြီးတည်တော်မူပြန်တယ်။ အနော်ရထာမင်းကြီးက စွယ်တော်ပွားကို ဌာပနာ မထည့်သွင်းခင် အရင်ကလို ထပ်မံအဓိဌာန်ပြုပြီး စွယ်တော်ကိုပွားယူလိုက်ပြီး လောကနန္ဒာဆိပ်ကမ်းမှာ တစ်ဆူ၊ တူရွင်းတောင်မှာတစ်ဆူ နဲ့ စွယ်တော်လေးဆူကို ပုဂံဒေသမှာကိန်းဝပ်ပူဇော်နိုင်ခဲ့တယ်။ ဒီအကြောင်းအရာက အများသိပြီးဖြစ်တဲ့ ပုဂံပြည်က စွယ်တော်မြတ်လေးဆူအကြောင်းပါ။ အနော်ရထာမင်းကြီးက လေးဆူမြောက်စွယ်တော်ကို တည်တော်မူပြီးတဲ့အခါ ရှေးကလိုပဲ အဓိဌာန်ပြုပြီး စွယ်တော်ကို ပွားခဲ့ပြန်ပါတယ်။ဆင်မယဉ်သာပေါ်ကို စွယ်တော်ပွားကို တင်တော်မူပြီး ထပ်မံပင့်ဆောင်ခဲ့တယ်။ ဆင်မယဉ်သာက ပုဂံကနေမှ ကျောက်ဆည်နယ်ဘက်ကို မရပ်မနားခရီးနှင်လာပြီး ကျောက်ဆည်ရွှေသာလျောင်းတောင်ပေါ်ကို တက်လာခဲ့တယ်။ နောက် ချက်ခြင်းပြန်ဆင်းခဲ့ပြီး ကျောက်ဆည်ရဲ့အရှေ့တောင်ဘက်မှာရှိတဲ့ တောင်တန်းတွေပေါ်ကို တက်ရောက်ခဲ့ပြန်တယ်။ ပထမတက်ရောက်ခဲ့တဲ့တောင်မှာ စွယ်တော်ပွား ပြက်တော်မူခဲ့ပြီး ဒုတိယတက်တဲ့တောင်ပေါ်မှာ စွယ်တော်ပွားဟာ ကြွေကျသွားတော်မူပါတယ်။ အဲ့ဒီတောင်နှစ်တောင်ဟာ ပြက်တောင် ကြွေတောင်လို့ အမည်တွင်ခဲ့ပြီး ယခုအခါမှာတော့ ပြက်ခရွေတောင်ဆိုပြီး ခေါ်ဆိုကြပါတယ်။ အနော်ရထာမင်းကြီးက ကျောက်ဆည်သာလျောင်းတောင်ပေါ်ရောက်တဲ့အခိုက်မှာ တောင်ပေါ်ကနေ အရှေ့ဘက် အနောက်ဘက် တောင်ဘက် မြောက်ဘက်တွေကို ကြည့်တော်မူတယ်။ ကြည့်လေရာ မြင်လေရာ သစ်ရိပ်ဝါးရိပ်တွေ တောင်စွယ်တောင်တန်းတွေ လွင်ပြင်ကျယ်ကြီးတွေက မြစ်ချောင်းတွေက သူ့ရင်ကိုဖမ်းစားသွားတယ်။ ဒီနေရာမှာ စိုက်ပျိုးရေး အကြီးကြီးလုပ်လိုက်ရင် ပေါက္ကံရွှေမြို့တော်ကြီးရဲ့ စားနပ်ရိက္ခာအတွက် မပူပင် မကြောင့်ကျရတော့ဘူးဆိုတာကို သူသိမြင်တော်မူသွားတယ်။ အဲ့ဒီမှာ အထက်မြန်မာပြည်ရဲ့ စားပါးကျီတစ်ခုကို ဖန်တီးဖို့ အရှင်အနုရုဒ္ဓါဟာ ဆည်တွေ တမံတွေတည်ဆောက်လိုက်တယ်။ မြစ်တွေချောင်းတွေ ဖောက်လိုက်တယ်။ ပြီးတော့ ရေတွင်းရေကန်တွေ တူးဖော်ပေးခဲ့တယ်။ တကယ်ဘုန်းတန်ခိုးကြီးမြတ်တဲ့မင်းတွေဟာ စစ်ရေးစစ်ရာမှာထူးချွန်ထက်မြတ်သလို နိုင်ငံတော်တည်ဆောက်ရေးမှာလည်း တကယ့်ကို အလန်းဇယားခင်းပြနိုင်တယ်။ ပုဂံကိုတည်လိုက်တယ်။ အဲ့ဒီ ပုဂံရဲ့ စားနပ်ရိက္ခာ အသက်သွေးကြောကို ကျောက်ဆည် ဖြစ်စေခဲ့တယ်။ သမိုင်းဆရာ တစ်ချို့တွေပြောတာ မှတ်သားဖူးတယ်။ ပုဂံက အနော်ရထာရဲ့ မိဘုရားကြီးဆိုရင် ကျောက်ဆည်က မိဘုရားငယ်ပဲတဲ့။ အဲ့ဒီလိုဖြစ်လောက်အောင်လည်း အနော်ရထာမင်းကြီးက ပုဂံမှာစိုးစံစဉ်ကာလအတွင်း တိုင်းရေးပြည်ရာ ရှိတဲ့အချိန်တွေကလွဲရင် ကျောက်ဆည်နယ်ဖက်မှာ ခြေစကြာ ဖြန့်တော်မူနေခဲ့တယ်။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုတဲ့ အရေအတွက်ထက်ပိုတဲ့ စေတီပုထိုးတွေကို လယ်တွင်းကိုးခရိုင်နေရာအနှံ့အပြားမှာ တည်တော်မူခဲ့တယ်။ ပုဂံနဲ့ ကျောက်ဆည်ဆိုတာ သူ့အဖို့ အိမ်ဦးနဲ့ကြမ်းပြင်လို လူးလားခေါက်တုံ စုန်ချည် ဆန်ချည် ကူးသန်းခဲ့တယ်။ ရေမြေကောင်းတဲ့ လည်တွင်းကိုးခရိုင်ဟာ ဆန်ရေစပါး ကောက်ပဲသီးနှံ့ကြွယ်ဝပြီး မြန်မာပြည်ရဲ့ စပါးကျီလို့ တစ်စားခေါ်ဝေါ်ခြင်းခံခဲ့ရတယ်။ ဒါဟာ အရှင်အနုရုဒ္ဓါ ရဲ့ ကျေးဇူးတော်တရားတွေပဲဆိုတာ ဘယ်သူမှမငြင်းဆိုနိုင်ဘူး။ ဇော်ဂျီမြစ် ပန်းလောင်မြစ် စမုံမြစ် ဒုထ္ထဝတီမြစ်တို့ တို့ဟာ ခုချိန်ထိ ဒေသတစ်ခုလုံးရဲ့ အသက်သွေးကြောအဖြစ်နဲ့ ဆက်လက်စီးဆင်းနေခဲ့တယ်။ အနော်ရထာမင်းကြီးက ကျောက်ဆည်နယ်သူနယ်သားတွေကို သီတင်းကျွတ်လပြည့်နေ့မှာ သူတည်ထားကိုးကွယ်တော်မူတဲ့ စေတီတော်ကို ဆွမ်းတော်ကြီးကပ်လှူပူဇော်စေပြီး ဆင်မယဉ်သာကို အမှတ်တရရှိစေဖို့အတွက် ဘုရားမှာ မုန့်ဆင်ရုပ်လေးတွေပြုလုပ်ပြီး လှူဒါန်းပူဇော်စေခဲ့တယ်။ ကျောက်ဆည်ကိုးခရိုင်နယ်ကိုလည်း ဆန်ရေ စပါး ကောက်ပဲသီးနှံ ပေါကြွယ်ဝစေဖို့အတွက်လည်း ဆည်မြောင်း ချောင်းကန် ရေကန်တွေကိုလည်း တူးဖော်ပေးခဲ့တယ်။ တနယ်လုံးကို စပါးရွှေဝါခြုံလွှမ်းစေခဲ့တယ်။ '' ငါ့ကျေးဇူးအားမမေ့မလျော့သောအားဖြင့် ငါတည်ထားကိုး ကွယ်တော်မူသော စေတီတော်မြတ်၌ နှစ်စဉ်မပြတ် ဆွမ်းတော်ကြီးလောင်းလှူပူဇော်၍ အမျှအတန်းဝေလော့ ထိုသို့မပြတ်ပြုလုပ်ပါက ဆန်ရေစပါး ကောက်ပဲသီးနှံ ပေါကြွယ်ဝ၍ မေ့လျော့ပါက ဘေးအန္တရယ်ကပ်ကျရောက်စေ'' ဆိုပြီး မိန့်တော်မူခဲ့တယ်လို့ဆိုကြတယ်။ အဲ့ဒီလိုသစ္စာပြုမှုတွေရဲ့ သမိုင်းပုံရိပ်တွေက ယုံကြည်ခြင်း ချစ်မြတ်နိုးခြင်း တန်ဖိုးထားလေးစားခြင်း ကိုးကွယ်ဆည်းကပ် သစ္စာစောင့်သိခြင်းတွေနဲ့ ယက်ဖောက်ပြီး မင်းကြီးရဲ့ ဆန္ဒတော်အတိုင်း လယ်ယာ သီးနှံပေါ်ပြီးတဲ့အချိန်၊ မိုးလေကင်းလွတ် သီတင်းကျွတ်တဲ့အချိန် ဘုရားမှာ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး မင်းကြီးကို နှစ်စဉ်မပြတ် ဆုတောင်းမေတ္တာပို့ အမျှပေးဝေကြတယ်။ မင်းကြီးမှာတော်မူတဲ့အတိုင်း မုန့်ဖြူမုန့်နီတွေနဲ့ ဆင်ရုပ်လေးတွေပြုလုပ်လှူဒါန်းပြီး ဆင်မယဉ်သာကိုလည်း မေတ္တာပို့ အမျှပေးဝေကြတာ ဒီနေ့အထိဖြစ်တည်ခိုင်ခံတည်မြဲနေတဲ့ ယုံကြည်မှုအလေ့အထတစ်ခုဖြစ်တယ်။ ဒီနယ်မြေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်လောက်ကတည်းက ဆင်တွေပျော်ခဲ့ကြတာ။ ရှေးမင်းအဆက်ဆက် ဆင်ဖြူရှာပုံတော်ဖွင့်ရင် ဒီနယ်မြေကို အရောက်လာရှာကြရတယ်။ မြို့လေးရဲ့ အရှေ့မြောက်အရပ်နေရာမှာ ဟိုးတုန်းက ဆင်တောင့်အင်း( ယခု သင်တောင်း) ဆိုတာရှိခဲ့ဖူးတယ်။ ဆင်တွေက အဲ့ဒီအင်းနားရောက်လာတဲ့အခါမှာ အင်းကိုဦးခိုက်ပြီးမှ သွားလိုရာကိုဆက်သွားကြသတဲ့။ ဆင်တွေများလွန်းလို့ အဲ့ဒီအင်းမှာ ဆင်တွေတောင့်တောင့်သွားတယ်။ ဒါကိုအကြောင်းပြုပြီး ဆင်တောင့်အင်းလို့ ခေါ်ခဲ့ကြတယ်။ အဲ့ဒီနေရာနဲ့မနီးမဝေးမှာ ဥတေနမင်းကို မွေးဖွားခဲ့တဲ့ မင်းမွေးတောင်ဆိုတာ ခုထိရှိနေတယ်။ ဥတေနက ဆင်တွေကို နိုင်နင်းတဲ့ အစွမ်းထက်တဲ့ ဂါထာကို သိကြားမင်းက ပေးထားတယ်ဆိုကြတယ်။ သူခေါ်ရင် ဆင်တွေက ရောက်တဲ့အရပ်ကနေ အပြေးအလွှားလာရောက်ပြီး ဦးညွတ်ရသတဲ့။ ဆင်တွေကိုနိုင်နင်းတဲ့ ဥတေနမင်းကို တိုင်တည်ပြီး ဆင်ပြိုင်ပွဲမှာ ဥတေနမင်းကို ပင့်ဖိတ်တဲ့ နတ်ပင့်အကတောင် ထည့်သွင်းယှဉ်ပြိုင်ကြရတယ်။ ''ဆင်များသခင် ဥတေသျှင်ကို ပွဲယဉ်ပါလို့ ကူညီဝိုင်းလို့ မှိုင်းမစေချင် ဆဒ္ဒန် ဟတ္တိ နာဂိန် ဒေဝိန်သခင် ဘိုးတော်သိကြားပေးတဲ့ ဒီဆင် '' အစချီတဲ့ နတ်ချင်းကို ထည့်သွင်းယှဉ်ပြိုင်စေတယ်။ ဒါက ဥတေနမင်းကို လမိုင်းတင်တာလို့လည်းဆိုကြတယ်။ ဒီနယ်တစ်ဝိုက်မှာ ဒဏ္ဍာရီလာ ဆင် ၁၀ မျိုးလုံး ကျက်စားနေထိုင်ခဲ့ကြဖူးတယ်။ ဆက္ကဒန္တလို့ခေါ်တဲ့ ဆဒ္ဒန်ဆင်းမင်းရဲ့ အနွယ်တော်တွေလည်း ဒီနေရာမှာ နေထိုင်ခဲ့ဖူးကြတယ်။ ငါးစီးရှင်ကျော်စွာရဲ့ သန်မြန်စွာ ဘွဲ့တော်ရ ဆင်ဖြူတော်က ပြက်တောင်ခြေရင်းက၊ ဥပေါသထ ဘွဲ့တော်ရ ဆင်ဖြူတော်က စမုန်ဖျားက ရခဲ့တာလို့ သမိုင်းစာမျက်နှာတွေပေါ်မှာမှတ်သားဖူးတယ်။ သီတင်းကျွတ်လပြည့်နေ့မှာ အနော်ရထာမင်းမြတ်ကိုရည်စူးပြီး ဆပ်ကပ်လောင်းလှူတဲ့ ဆွမ်းတော်ကြီးကပ်ပွဲကို ရွှေသာလျောင်းတောင်ပေါ်မှာ နှစ်စဉ်ကျင်းပလာခဲ့တာ နှစ်ပေါင်းရာကျော်သွားခဲ့ပြီ။ လပြည့်နေ့မနက် အရုဏ် တက်မှာ ဆွမ်းကပ်ဖို့အတွက် အဖိတ်နေ့ကတည်းက မြို့သူ မြို့သားတွေဟာ ကျောက်ဆည်တောင်ပေါ်ကိုတက်ကြတယ်။ အဲ့ဒီလို တက်ကြတဲ့အခါမှာ စွယ်တော်ပင့်ဆောင်လာတဲ့ ဆင်မယဉ်သာအတွက် ရည်စူးလှူဒါန်းမယ့် မုန့်နီ မုန့်ညိုတွေလည်းပါတယ်။ ဆင်မယဉ်သာအတွက် ရည်စူးတဲ့ အဲ့ဒီမုန့်နီမုန့်ညိုတွေကို မုန့်ဆင်ပုံစံလေးတွေလုပ်ပြီး လှူဒါန်းရာကနေ ဆင်လှူပွဲ ဓလေ့စရိုက် စခဲ့တယ်လို့ ဆိုကြတယ်။ မုန့်ဆင်ရုပ်လေးတွေ လုပ်ရာကနေ စက္ကူ ဆင်ရုပ်တွေလုပ်ပြီး ဘုရားမှာလှူဒါန်းလာကြတယ်။ သီတင်းကျွတ်လဆန်း ၁၄ ရက်မှာ ဆင်ရုပ်လေးတွေကိုကိုင်ပြီး တောင်ပေါ်ကိုတက်ကြတယ်။ နောက်ရက်လပြည့်နေ့မှာ ရွှေဆင်ရုပ် ငွေဆင်ရုပ်လေးတွေကို ဘုရားမှာလှူကြတယ်။ အဲ့ဒီအချိန်ခါကနေအစပျိုးကတဲ့ ချစ်စရာဓလေ့လေးက ဒီကနေ့ ကျွန်တော်တို့နှလုံးသားတွေထိ လက်ဆင့်ကမ်းကိန်းအောင်းလာခဲ့တယ်။ လှလိုက်တဲ့ ရိုးရာအမွေ။ ကမ္ဘာမှာ မြန်မာ။ မြန်မာမှာ ကျောက်ဆည်တစ်မြို့ထဲရှိတဲ့ဓလေ့ ကျွန်တော်တို့ ဂုဏ်ယူလိုက်ရတာရင်တစ်ခုလုံး ပီတိတွေ အပြိုင်းအရိုင်းပွင့်ဖူးလွန့်လူးလို့။ ၁၂၃၂ ရောက်တော့ ထမ်းဆင်ဆိုတာပေါ်လာတယ်။ ထမ်းဆင်ဆိုတာ ဝပ်နေတဲ့ ဆင်ပုံသဏ္ဍန် အရုပ်ချိုးပြီး အဲ့ဒီအရုပ်ကို ထမ်းပင့်ပြီးမလို့ရအောင် ဆင်ရုပ်ရဲ့အောက်ကနေ ဝါးဘိုးဝါး နှစ်ခေါင်းကို ဘယ်ညာတပ်ဆင်ထားတယ်။ လူတွေက အဲ့ဒီ ဝါးလုံးကနေမပြီး ဆင်ကိုထမ်းရတယ်။ အဲ့ဒီဆင်ရုပ်ရဲ့ကျောပေါ်မှာ ပုလ္လင်တင်ထားပြီး ပုလ္လင်ပေါ်မှာဆွမ်းတော်ကြီးကပ်လှူပူဇော်မယ့် သစ်သီးတွေ မုန့်တွေထည့်ထားတယ်။ အဲ့ဒီထမ်းဆင်ကနေစတာပဲ ကမ္ဘာမှာ သမိုင်းတွင်မယ့် ကျောက်ဆည်ဆင်ဆိုတာ။ ဆရာမောင်ရည်စိုး ကျောက်ဆည်ရဲ့ မြန်မာ့ဆင်ရုပ်ချိုးအနုပညာဆိုတဲ့ စာပေဗိမာန်ဆုရ စာအုပ်ထဲမှာ ကျောက်ဆည်ဆင်ရုပ်ကို ဆရာငယ် ကစပြီး ပြုလုပ်ခဲ့တာလို့ မှတ်သားခဲ့ဖူးတယ်။ ဆရာငယ်က ကျောက်ဆည်မြို့ ဆူးကုန်းရပ်က မဏ္ဍပ်ဆရာကြီးပါ။ သူကထမ်းဆင်ကို စတင်တီထွင်ခဲ့တယ်။ အဲ့ဒီထမ်းဆင်ကနေ မြေနင်းဆိုတာဖြစ်ဖို့အကြောင်းကဖန်လာပြန်တယ်။ အစက ထမ်းဆင်ကိုထမ်းပြီး သီတင်းကျွတ်အဖိတ်နေ့မှာ အိုးစည် ဒိုးပတ်တွေနဲ့ တီးမှုတ်ကခုန်ပြီး တောင်ပေါ်ကိုတောင်တက်လမ်းအတိုင်းတက်ကြတယ်။ ဖြစ်ချင်တော့ ရသေ့ကြီး ဦးခန္တီက ၁၂၇၈မှာ တောင်တက်လမ်းလျှောက်ကို အမိုးစောင်းတန်းလုပ်ပြီးလှူဒါန်းလိုက်တယ်လို့ ဆရာကြီးဦးငြိမ်းမောင် ကျောက်ဆည်ရဲ့ ရွှေမုဌော ရွှေသာလျောင်း ကျောက်ဆည်ဆင်လှူပွဲ သမိုင်းစာအုပ်ထဲမှာ ဖော်ပြထားတယ်။ အဲ့ဒီမှာ ထမ်းဆင်ထမ်းပြီးတောင်ပေါ်ကိုတက်ဖို့ ဆင်ရုပ်နဲ့ စောင်းတန်းကအမိုးနဲ့ မလွတ်တော့ဘူးဖြစ်သွားတယ်။ ဒါနဲ့ ဆရာငယ်က လူဝင်လို့ရတဲ့ မြေနင်းဆင်ရုပ်ကို ထွင်ပေးခဲ့တယ်။ ဆရာငယ်ဆင်ရုပ်ချိုးပညာကို လက်ဆင့်ကမ်း အမွေဆက်ခံခဲ့ကြတာက ဦးဘဧ၊ သား ဦးအောင်ကြွယ်၊ ဦးဘသင်၊ သား ဦးကျော်လေး၊ ဦးသိုက်ထွန်း၊ ဦးမှဲ့လေး ဆိုတဲ့ ဆရာကြီးတွေပါ။ အခုဆို အချို့လည်းမရှိကြတော့ဘူး တိမ်းပါးသွားကြပြီ။ အချို့ကတော့ ခုထိသက်ရှိထင်ရှားနဲ့ ကန်တော့ခံအရွယ်ကိုရောက်နေကြပြီ။ ဒီကနေ့မှာတော့ မျိုးဆက်သစ် ဆင်ချိုးပညာရှင်တွေ အမြောက်အများပေါ်ထွက်လာခဲ့ကြပြီ။ လူငယ်တွေရဲ့ တီထွင်ဆန်းသစ်မှုတွေကပိုပြီး ဆင်အလှကို ပသာဒဂုဏ်မြောက်စေခဲ့ပြီ။ ဆင်ရုပ်ကို ဝါးနဲ့ရုပ်လုံးပေါ်အောင်ချိုးကြရတယ်။ ပြီးမှ အပေါ်ကနေ စက္ကူကပ် ဆေးခြယ်လုပ်ရတယ်။ ဒါက ဆင်ရဲ့ကိုယ်ထည်အကြမ်းပေါ့။ နောက်မှ ကိုယ်ချိုးမယ့်ဆင်အမျိုးအစားပေါ်မူတည်ပြီး အရိုင်းဆင်လား ရိုးရာဆင်လား ဘော်ကြယ်ဆင်လားဆိုတဲ့ပေါ်မူတည်ပြီး ဆင်ကို ကိုယ်ကြိုက်တဲ့အမျိုးအစားဖြစ်အောင်ဖန်တီးကြရတယ်။ အရိုင်းဆင်ဆိုတာက မြေနင်းဆင် စပြီးဖြစ်ပေါ်ခါစက ဘာအလှအပမှ ခြယ်သမထားတဲ့ သက်ရှိဆင်တွေနဲ့ ပုံစံတူတဲ့ ဆင်အမဲကြီးတွေ။ ကျွန်တော်ငယ်ငယ်က အဲ့ဒီဆင်မဲ ဆင်ရိုင်းကြီးတွေ လာပြီဆိုတအားကြောက်တာ။ ကံဦးရပ်ထဲက မသိဘူးမူးနေတယ် ဆိုတဲ့ဆင် ဆို အကြောက်ဆုံးပဲ။ ဆင်ရဲ့အစွယ်ကြီးတွေက အာဖရိကက မန်မက်ဆင်လို ရှည်ရှည်ကောက်ကောက်ကြီးတွေ။ တကိုယ်လုံးနက်မှောင်ပြီး မျက်လုံးက နီနီရဲရဲကြီး ငယ်ငယ်က အဲ့ဒီဆင်လာပြီဆို ပြေးတော့တာပဲ။ ခု တစ်ချို့ကလေးတွေ ဆင်မဲကြီးတွေမြင်လို့ အော်ငိုတာတွေ့ရင် ငယ်ငယ်က ကလေးဘဝကိုတွေးမိပြီး ပြုံးမိနေတုန်းပဲ။ အဲ့ဒီဆင်မဲကြီးတွေအတွက် ပြိုင်ပွဲဆိုတာမရှိဘူး။ သူတို့က ပွဲတော်မှာ အပျော်ကကြတာ။ ပြည်လုံးနိုင်ရပ်က နာဠာဂီရိ စုကြီးရပ်က မြူး ကံဦးရပ်က မသိဘူးမူးနေတယ် ဆိုတဲ့ဆင်ကြီးတွေလို ဆင်တွေက ဆင်လှူပွဲမှာ မူးမယ် ကမယ် ကဲမယ် ပြီးရင် ဆင်ကြီးကို တစ်စစီဖြစ်ပြီး ပျက်စီးသွားတဲ့အထိ ပျော်ကြတယ်။ နောက်ဆုံးအဲ့ဒီဆင်မဲကြီးတွေရဲ့ သွားရာလမ်းက မင်းရဲမြောင်းထဲပဲ။ စုတ်ပျက်သွားတဲ့ ဆင်တွေကို ညာသံပေးပြီး မြောင်းထဲကို ပစ်ချပစ်လိုက်ကြတယ်။ ပြီးတော့ ဆင်မပါတော့ဘဲ လူတွေချည်း ဆက်ပြီးကကြတယ်။ တစ်ချို့တွေက ဆင်နားရွက်တစ်ဖက်ကို ခေါင်းမှာစည်းထားတယ်။ တစ်ချို့က ဆင်နှာမောင်းကို ခါးမှာချည်ထားကြတယ်။ တစ်ချို့တွေက ဝါးလက်ခုပ်အကျိုးတွေကို တခွက်ခွက်မြည်အောင်တီးပြီး ကကောင်းနေကြတုန်းပဲ။ အဲ့ဒီလို ချစ်စရာကောင်းတာ။ တစ်ခါတစ်လေ ဆင်အကအလှတွေကြည့်နေရင်းက အဲ့ဒီလို မူးတဲ့ ကဲတဲ့ ဆင်ရိုင်းအဖွဲ့တွေကိုမြင်လိုက်ရရင် ဝက်သား ကြက်သားတွေစားနေတုန်း အချဉ်ဟင်းလေး တစ်ဇွန်းလောက် ကောက်သောက်လိုက်ရသလို စိတ်အာရုံကို လန်းဆန်းသွားစေတယ်။ အနော်ရထာမင်းမြတ်ရဲ့ ကျေးဇူးတော်ကြောင့် ဒီမြေဒီရေပေါ်မှာ အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုအစွဲက ကျောက်ဆည်နယ်သူနယ်သားတွေရဲ့ နှလုံးသားထဲမှာ ဆေးမင်ထိုးထားသလို ခိုင်မာစွဲထင်နေတုန်းပဲ။ မင်းကြီးရဲ့ သစ္စာတရားကိုလည်းလေးနက်သက်ဝင်ယုံကြည်တယ်။ ရိုးရာအမွေအနှစ်ကိုလည်းချစ်တယ်။ ဆင်ပွဲနီးလာလို့များ အခြားဝေးရပ်တစ်နေရာကို ရောက်နေရင် စိတ်တွေက နေမထိထိုင်မသာဖြစ်လာပြီ။ ကျောက်ဆည်ကိုပြန်ချင်တဲ့စိတ်တွေ ဘယ်လိုမှ ချွန်းအုပ်လို့မရခဲ့ဘူး။ ပွဲတော်ကို မနွှဲပျော်ရမှာ သေမလောက်စိုးထိတ်လာကြတယ်။ ဒီလိုနဲ့ အဝေးရောက်ကျောက်ဆည်သူ ကျောက်ဆည်သားတွေ တစ်နှစ်မှာ တစ်ရက်ကတော့ အမြဲ အိမ်ပြန်ဖြစ်ခဲ့ကြတယ်။ အဲ့ဒီနေ့က နှစဉ် ဆင်ပွဲကျင်းပတဲ့ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ပဲ။ ဆင်ပွဲပြီးနောက်ရက် သီတင်းကျွတ်လပြည့်နေ့မှာတော့ မြို့သူမြို့သားတွေဟာ အနော်ရထာမင်းမြတ်ရဲ့ကျေးဇူးတရားတွေကိုအောက်မေါ့သတိရပြီး ကျောက်ဆည်တောင်ပေါ်ကမှာ ဆွမ်းတော်ကြီးကပ်လှူပူဇော်ကြပါတယ်။ ရွှေဆင်ရုပ်ငွေဆင်နရုပ်လေးတွေကို ပွေပိုက်ပြီး ရွှေသာလျောင်းစေတီတော်မြတ်ကြီးကို လက်ျာရစ် သုံးပတ်ပတလှည့်ပူဇော်ပြီး ဘုရားမှာ ရွှေဆင် ငွေဆင်ကပ်လှူကြပါတယ်။ ပြုပြုသမျှကုသိုလ်ကောင်းမှုအစုစုတို့ကို အနော်ရထာမင်းကြီးနဲ့ ဆင်မယဉ်သာတို့ကို ရည်စူးပြီး အမျှအတန်းပေးဝေကြပါတယ်။ ၁၉၂၅ ကစပြီး ဆင်ထဲလူတွေဝင်ပြီး အိုးစည်ဗုံမောင်းတွေနဲ့ကခုန်ခဲ့တာ နှစ်ပေါင်း ၉၀ ကျော်ပြီ။ ထမ်းဆင်ကတော့ နှစ်ပေါင်း ၁၄၀ ကျော်သွားပြီ။ ရွှေသာလျောင်းတောင်ရဲ့ အရှေ့မြောက်ဘက်မှာ ထန်းဇင်တော်ရွာဆိုတာရှိတယ်။ အဲ့ဒီရွာလေးက လူတွေက ဘုရင်ရဲ့ ထမ်းဆင်တင်ထားတဲ့ ထမ်းစင်တော်ကို ထမ်းပိုးရတယ်။ နောက်တော့ အချိန်ကာလပွတ်တိုက်မှုတွေကြောင့် ထမ်းစင်တော်ကနေ ထန်းဇင်တော်ရွာဆိုပြီးဖြစ်သွားတယ်။ ကျွန်တော့်အဖွားက အဲ့ဒီရွာသူ။ အဲ့ဒီရွာက ရွှေဇင်မောင်ဆိုတဲ့ ရိုးရာ ဆင်တစ်ကောင်ပေါ်ထွက်လာတယ်။ အဲ့ဒီရွှေဇင်မောင်ဆင်အဖွဲ့ ဆင်ပွဲမှာ ပြိုင်ပွဲဝင်မယ်ဆိုရင် နှစ်တိုင်း မြို့က ကျွန်တော်တို့အိမ်မှာ တီးလုံးတိုက်ကြ စားကြသောက်ကြ ဆိုကြကကြနဲ့ တစ်ပျော်တစ်ပါးကြီး။ မနက်ခင်းကို အိမ်မှာ လမိုင်းတင် စတော်တိုက်ပြီးမှ ပြိုင်ပွဲသွားပြိုင်ကြတယ်။ ခုတော့ ရွှေဇင်မောင်ရဲ့ အမွေကိုဆက်ခံလိုက်တဲ့ ကိုစိုးရွှေက ရိုးရာရွှေဇင်မောင်ကို ဘော်ကြယ်အလှဆင်အဖြစ်နဲ့ အသွင်သစ်စေခဲ့ပြီး ပြည်သူနှစ်ခြိုက်သဘောကျတဲ့ အလှဆင်တစ်ကောင်ဖြစ်စေခဲ့ပြီ။ ဒီနှစ်မှာ ဆင်ပွဲတော် အဆင့်ဆင့်ပြောင်းလဲလာတဲ့ သမိုင်းကို ထမ်းဆင် မြေနင်းဆင် ရိုးရာဆင် ဘော်ကြယ်ဆင်တွေနဲ့ သရုပ်ပြတင်ဆက်ရင်းပြိုင်ပွဲဝင်ပါလိမ့်မယ်။ တကယ့်ကို ကျေနပ်အားရစရာပင်။ ထမ်းဆင် ကနေ မြေနင်းဆင်။ မြေနင်းဆင်ကနေမှ ခေါင်းတွေ ခြေတွေ လက်တွေ နှာမောင်းတွေ လှုပ်လို့ရတဲ့ရိုးရာဆင်ဖြစ်လာတယ်။ မြေနင်းဆင်က ခေါင်းလည်းလှုပ်မရ ခြေလည်းလှုပ်မရဘူး။ တောင့်တောင့်ကြီး။ အဲ့ဒီအထဲကိုလူဝင်ပြီး တောင်ပေါ်ကိုတက်ရတာ။ အဲ့ဒီလိုတက်ရင်းနဲ့ လှေကားမှာခြေချော်ကျတော့ ဆင်ကြီးက ဘုန်းဆိုပစ်လဲကျသွားတယ်။ ဆင်ရုပ်ကြီးက ခေါင်းပြုတ်ထွက်သွားပြီး ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်သွားကြတယ်။ လူတွေက အဲ့ဒီအဖြစ်ကိုမြင်ပြီး တဝါးဝါးနဲ့ ပွဲကျသွားပြီးဝိုင်းဟားကြတယ်။ ဒီအဖြစ်ကိုကြည့်ပြီး မရယ်နိုင်တဲ့သူ တစ်ဦးပဲရှိတယ်။ အဲ့ဒီလူက ဒီဆင်ရုပ်ကြီးကိုချိုးပေးတဲ့ ပညာရှင် ဆရာငယ်ပဲ။ သူက ခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်သွားတဲ့ဆင်ရုပ်ကြီးကို တွေတွေကြီးကြည့်နေတယ်။ ကြည့်ရင်းနဲ့ သူ့မျက်နှာပေါ်မှာ အပြုံးရိပ်တွေ တဖျက်ဖျက် လူးလွန့်တောက်ပလာတယ်။ အဲ့ဒါက ခေါင်းတွေ ခြေတွေ လက်တွေ လှုပ့်ပြီး ကလို့ရတဲ့ ဆင်တစ်ကောင်ကို တီထွင်ဆန်းသစ်လ်ု့ရပြီဆိုတာကိုသူသိလိုက်တယ်။ ဆင်တစ်ကောင်ကိုခြယ်သဖို့ဆိုတာ ခုခေတ်လို ဆေးတွေရှိသေးတာမဟုတ်ဘူး။ ရေနံဆီမီးခွက်လေးကိုထွန်း။ အပေါ်ကနေ လင်ပန်းကြီးကြီးတစ်ချပ်နဲ့ ထွက်လာတဲ့ မှိုင်းတွေကို အုပ်ခံယူ။ ပြီးမှ အဲ့ဒီမှိုင်းတွေကိုခြစ်ယူပြီး ဒီဇယ်နဲ အချိုးကျ သမအောင်ရောမွှေ။ အဲ့ဒါက ဆေးအနက်ပဲ။ နက်မှောင်နေတဲ့ အရောင်တော့မရဘူးပေါ့။ မီးခိုးသားရောင်ရောစပ်နေတဲ့ ခပ်မှိန်မှိန်အနက်ရောင်မျိုး။ အဲ့ဒီဆေးနဲ့ ဆင်တစ်ကောင်လုံးကို သုတ်။ ပြီးမှ အုတ်နီခဲကို အမှုန့်ထောင်းတဲ့ဟာကို ရေနဲ့ဖျော်စပ်ထားတဲ့ အညိုရောင်ဆေးကို ဆင်ပေါ်မှာ လိုချင်တဲ့ ကနုတ်ကောက်ကြောင်းတွေခြယ်သပြီး ရိုးရာဆင်ကို စထွင်ခဲ့တော့တယ်။ ဆင်အပ်တဲ့သူတွေက ကိုယ့်ဆင်ရပြီဆိုရင် ဆင်ချိုးပညာရှင်ဆီမှာ ကန်တော့ပွဲပေးပြီး ဆင်ယူရတယ်။ လမိုင်းတင်ရတယ်။ ကန်တော့ပွဲ သုံးပွဲပေးကြရတယ်။ ဘုရားပွဲတစ်ပွဲ ဆင်တွေကိုနိုင်နင်းတဲ့ ဥတေနမင်းအတွက်တစ်ပွဲ ကိုးမြို့ ကိုးခရိုင်အပိုင်စားတော်မူတဲ့ ကိုးသိန်းရှင်အဖေကြီးအတွက်တစ်ပွဲ သုံးပွဲပေးကြရတယ်။ ကန်တော့ပွဲတစ်ပွဲမှာ အုံးသီးတစ်လုံးနဲ့ ငှက်ပျောဖီးလသုံးဖီးပါရတယ်။ ကွမ်း ဆေး ဆီမီး နံသာံတိုင် ကပ်လှူပုဇော်ရတယ်။ ဘုရားပင့် နတ်ပင့် ဆင်ကြိမ်း လေးခင်းတွေနဲ့ ကပြပြီးမှ ဆင်ကိုယူကြရတယ်။ '' ငါဟဲ့ယောက်ျား . . . . . မတစ်ထောင်တစ်ကောင်ဘွား ဆင်ပြောင်ငါးစီး အားမာန်ကြီးတဲ့ ဆက္ကနွယ်ဝင်ဆင်မင်း အမှန်ပင် ဖြစ်တော့သကိုး . . . . .'' ဆိုပြီး ဆင်ရိုင်းကြီးကမုန်ယိုနေတဲ့ ပုံသဏ္ဍန်နဲ့ မြေပြင်ကို ခြေဆောင့်ပြီး ဆင်ဦးစီးကို ကြိမ်းဝါးလိုက်တယ်။ ဆင်ဦးစီးက ဆင်ရိုင်းကြီးကို လက်ညှိုးငေါက်ငေါက်ပြန်ထိုးပြီး '' တောရိုင်းဆင်မင်း ဒင်းလျှင်မုန်ယို ရိုင်းဆိုသမျှ စွယ်ပေါက် စွယ်ဟိုင်း စွယ်စုံရိုင်းမို့ ခေါ်တိုင်းရအောင် မာန်ဆောင်ကာထိုး အကျိုးကိုဖျက် ရှပ်လျက်ခွာရာ ပေးတာကတစ်မျိုး သံဆိုးနဲ့အော် ဒင်းနော်လူ့ရွာ ကောင်းရာတစ်ခု ဘယ်မပြုဘူး ဆင်မိုက် ဆင်ဆိုး ဆင်ခြပိုးထိုးကို အပိုးမကျိုး တွေ့ရာကိုနင်း အခင်းကိုဖျက် ယာလည်းပျက်မို့ အခက်နဲ့ကြုံ မြိုင်ရဂုံဝယ် ချမ်းအေးလူလူ မရှိမူပဲ တစသုတ်သန် ဖြစ်နေပြန်တော့သကိုး'' ဆင်သရမ်းနဲ့လူကြမ်း လူကြမ်းနဲ့ဆင်သရမ်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရန်ဆောင်နေကြတဲ့ပုံစံမျိုးက တကယ့်ကိုရင်သပ်ရှူ့မောစရာ ဆင်ဦးစီးက လှံတံကို မြေမှာတဒုန်းဒုန်းဆောင့်ရင်း ဆက်ကြိမ်းပြန်တယ်။ ''ထိုထိုဆင်မင်း အခုမယွင်းမြန်မကြာ ပြည်မြန်မာကောင်းကျိုး သယ်ပိုးကာဆောင်ရွက်စေဖို့ ကျွန်ုပ်တစ်ခါဖမ်းပါတော့မယ် ရွာစားကျော် ဝိုင်းတော်သားတို့က လေးလုံးသံခြောက်ပေါက်နဲ့ ဘယ် . . . ဘယ်မြှောက်လို့ပေး'' ဆိုတဲ့ ဆင်ဦးစီးရဲ့ ကြိမ်းမောင်းငံနဲ့အတူ ရွာစားကျော် ဝိုင်းတော်သားတွေက လေးခင်းသံ ခပ်ကြမ်းကြမ်းလေးတီးပေးရတယ်။ ဆင်ဖမ်းတဲ့ မုဆိုးက သူ့လက်ထဲမှာ လက်စွဲလှံရှည်ကိုမြဲမြဲကိုင်ထားပြီး ဆင်ကို တိုက်ခိုက်ဖမ်းစီးရတယ်။ ဆင်ကရှောင်လိုက်တိမ်းလိုက် လူကိုအကဲစမ်းလိုက် လူကရှောင်လိုက်တိမ်းလိုက် ဆင်ကို လှံနဲ့ထိုး ချွန်းနဲ့စိုက်ပြီး နောက်ဆုံးမှာ ကြမ်းရမ်းခက်ထန်တဲ့ ဆင်ဆိုးကြီးကို အသိညဏ်ရှိတဲ့လူက လိမ္မာပါးနပ်စွာနဲ့ အနိုင်ယူပြလိုက်တဲ့ ကကွက်ဖြစ်တယ်။ အဲ့ဒီဆင်ကြီးကိုမိပြီဆိုတာနဲ့ ' သာလျောင်းတောင်ခြေ ' အစချီပြီး ဟေ့ဟေ့ ဟေ့ဟေ့ ဆိုပြီး သံပြိုင်လေးနဲ့ အရိုင်အကကို ကကြတယ်။ ရိုင်းနေတဲ့ ဆင်ကြီးကို လိမ္မာလာအောင် ခြေတွေ လက်တွေကို လှံဖျားလေးနဲ့ ထိုးထိုးပြီး လှုပ်ရှားစေတယ်။ဆင်ရဲ့ခြေတွေလက်တွေလှုပ်လာတယ်။ စွယ်ဖုံးတို့ နှာရင်းတို့ကို လှံဖျားနဲ့ထိုးထိုးပြး ဦးခေါင်းကို လှုပ်ရှားစေတယ်။ ခေါင်းလှုပ် ခြေလှုပ်နဲ့ ဆင်ကြီးက ဆင်အကကို ကတတ်လာအောင် လေ့ကျင့်သင်ကြားပေးရင်း ဗုံထောက်လေးနဲ့ကပြရတယ်။ '' မြို့ရွှေဆည် ဌာနေအလှ ကမ္ဘာတိုင်းမက ထင်ပေါ် ဆင်တော်အကရွှင်ပျော် ပေါင်းစည်းကာဆင်နွှဲ ဆင်လှူပွဲ ယနေ့တိုင်တိုင် သြော်တူပြိုင်နွှဲကြ မြဲခိုင်ခိုင် ယနေ့တိုင်ကျော်ကြား . . . မြို့ရွှေဆည်သဘာဝအလှ ကမ္ဘာကလိုက်မမီ (ဆင်အကအလှ ယှဉ်ပြိုင်သည် ကိုးမြေuမဟီအမွေခံပွဲ)၂ (နိုင်နိုင်ရှုံးရှုံး ယှဉ်ပြိုင်နေမည် နှလုံးသားများလှစေချင်သည်) အရှုံးအနိုင်သည်သဘာဝပဲ (ရွှေချိုင်းမောင်တို့)၂ ပါဝင်နွှဲ . . . . . . '' အဲ့ဒီလိုဗုံထောက်သီချင်းလေးတွေနဲ့ သီဆိုကပြကြရတယ်။ဒီဗုံထောက် သီချင်းက မနှစ်ကဆင်ပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားတဲ့ ရွှေချိုင်းမောင် ဆင်အဖွဲ့ရဲ့ဗုံထောက်လေးပါ။ အနုရုဒ္ဓါ ရဲ့ ဆင်လှူပွဲတော် ဘုရားကန်တော့၊ နတ်ပင့်၊ ဆင်ကြိမ်း၊ လေးခင်း၊ အရိုင်အက၊ ရိုးရာဗုံထောက် ဆိုတာတွေဟာ ဆင်အကရဲ့ သမားစဉ်တွေပဲဖြစ်ပါတယ်။ ဆင်ပြိုင်ပွဲဝင်ရာမှာလည်း ဒီသမားစဉ်အတိုင်း ကပြယှဉ်ပြိုင်ကြရတာပါ။ ဒီသမားစဉ်အကကို ယှဉ်ပြိုင်ပြီးမှ ခေတ်စမ်းအကကို စိတ်ကြိုက် ကကြိုးကကွက် အဆို အတီး ကြိုက်နှစ်သက်သလို တီထွင်ဆန်းသစ်ပြီး ကပြယှဉ်ပြိုင်ကြရတာပါ။ တကယ်တော့ ခေတ်ဆန်းအကဆို ကျောက်ဆည်ရိုးရာထဲမှာမပါခဲ့ပါဘူး။ ဘော်ကြယ်ဆင်ဆိုတာလည်း ကျောက်ဆည်က စတင်ခဲ့တာမဟုတ်ခဲ့ပါဘူး။ ခတ်ဆန်းအကကို ဘော်ကြယ်ဆင်နဲ့ စတင်ပြီးကပြခဲ့ကြတာ မန္တလေးကပါ။ ၁၉၇၀ မှာ မန္တလေး တမာကုန်းရပ်ကွက်ကနေ ကျောက်ဆည်က ဆင်ချိုးပညာရှင်ကြီး ဦးကျော်လေးထံမှာ ရွှေချည်ငွေချည်ထိုးတွေပါတဲ့ ဘော်ကြယ်ဆင်တစ်ကောင်ကို ချိုးပေးဖို့လာအပ်ပါတယ်။ ဦးကျော်လေးက ၃၅၀၀ ကျပ်နဲ့ ဘော်ကြယ်ဆင်ကို ရတနာမင်းအမည်နဲ့ ချိုးပေးခဲ့ပါတယ်။ ဆင်ရပြီဆိုတော့ မန္တလေးကအဖွဲ့တွေက ဆင်ချိုးပညာရှင်ဦးကျော်လေးဆီကို ဆင်လာယူကြပါတယ်။ ဆင်လာယူတဲ့အခါမှာ ကျောက်ဆည်ဆင်တွေရဲ့ ဓလေ့ထုံးစံတွေအတိုင်း ယူခဲ့ပေမယ့် ကျောက်ဆည်ဆင်အကသမားစဉ်တွေကို ကပြနိုင်ခြင်းမရှိခဲ့ပါဘူး။ ရတနာမင်းဆင်အဖွဲ့က နတ်ဆိုင်းတီးပြီးတော့ပဲ ဆင်ယူခဲ့ရပါတယ်။ ကျောက်ဆည်ဆင်တွေက ဒိုးပတ်ဝိုင်းနဲ့ ဆင်ကကြတဲ့အချိန်မှာ မန္တလေး တမာကုန်းရပ်က ရတနာမင်းဆင်က ခြောက်လုံးပတ်နဲ မင်းသားအက မင်းသမီးအကတွေကို စည်းချက်ညီညီ ဝါးချက်ညီညီ ဘယ်ခြေညာလက်နဲ့ လှလှပပကပြသွားခဲ့ပါတယ်။ အဲ့ဒီအကကို နှစ်သက်သဘောကျသွားတဲ့ ဆရာကြီးဦးကျော်လေးက ရတနာမင်းဆင်ကိုငှားပြီး ကျောက်ဆည်တပေါင်းပွဲတော်ကြီးမှာ ရုံသွင်းပြီး ကပြခဲ့ရမှာ ပရိသတ်အလွန်အမင်းနှစ်ခြိုက်သဘောကျပြီး ရုံပြည့်ရုံလျှံအားပေးခဲ့ကြတယ်။ အပြိုင်ကနေတဲ့ရွှေနန်းတင်ဇာတ်အဖွဲ့မှာ ကြည့်မယ့်သူမရှိတော့တာကြောင့် နောက်ရက်မှာ ဆင်အဖွဲ့ဆက်မကဖို့ လာရောက်မေတ္တာရပ်ခံပန်ကြားရတဲ့အထိဖြစ်ခဲ့ရတယ်။ အဲ့ဒီနောက်မှာ ရတနာမင်းဆင်အဖွဲ့ဆီကနေ ကျောက်ဆည်မြို့ မုန့်ပေါင်းကျေးရွာက ရတနာဦးဆင်အဖွဲ့နဲ ထန်းဇင်တော်ရွာက ရွှေဇင်မောင်ဆင်အဖွဲ့တို့ဟာ တပည့်ခံပြီး ခေတ်ဆန်းဆင်အကကို ဆက်ခံသင်ယူခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ရွှေဝါမောင်၊ ဧရာမင်း၊ သီရိရတနာ၊ လှရတနာ ဆင်အဖွဲ့တွေက ခေတ်ဆန်းအကကို လက်ဆင့်ကမ်းဆက်လက်သင်ယူခဲ့ကြပြီး အခုအခါမာတော့ ဆင်အကပညာရပ်ဟာ တီထွင်ဆန်းသစ်မှုကကွက်အသစ်တွေနဲ့ ကျောက်ဆည်ရဲ့ trade mark တစ်ခုလိုဖြစ်လာခဲ့ရပါတယ်။ ပန်းမြိုင်လယ် ယိုးဒယားအက၊ ခုနှစ်ထွေအကတို့ဟာ ဆင်အကပညာရဲ့ ခက်ခဲနက်နဲလှတဲ့ကကွက်တွေဖြစ်ပါတယ်။ လကတော့ အရုပ်နဲ့တူရမယ် အရုပ်ကတော့ လူနဲ့တူရမယ်ဆိုသလို ဆင်ရုပ်ကြီးက တကယ့်လူမင်းသား မင်းသမီးတွေနဲ့မခြား ကပြနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လှပတဲ့ ကကွက်တွေအပြင် ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ကကွက်တွေကိုပါ တီထွင်လာခဲ့ကြပြန်တယ်။ တီထွင်ဆန်းသစ်ပြီး နာမည်ကြီးခဲ့တာကတော့ ရွှေဝါမောင်ရဲ့ ပန်းကန်ပြားပျံအက ရတနာဦးရဲ့ ဦးရွှေရိုးထီးက၊ ဧရာမင်းရဲ့ ပီပါအက၊ ရွှေမိုးထောင်ရဲ့ မိုးထိအောင်လှေကားထောင်အက မိုးဇော်ရဲ့ ဆုံလည်အက တို့ဖြစ်ပါတယ်။ အခုနောက်ဆုံးမှာ ဧရာမောင်ဆင်အဖွဲ့က တန်းလျှောက်မီးကွင်းအကနဲ့ 2017 Myanmar's got talent winner ကို ရရှိခဲ့ပါတယ်။ ကျောက်ဆည်ဆင်အဖွဲ့တွေဟာ ဆင်ပြိုင်ပွဲရောက်မှ ကပြတာမဟုတ်ဘဲ အလှူမင်္ဂလာပွဲတွေ ဂုဏ်ပြုပွဲတွေ ဘာသာရေးပွဲတွေ နိုင်ငံတော်အဆင့် ဧည့်ခံပွဲတွေမှာလည်း ဝင်ရောက်ကပြခဲ့ရပါတယ်။ နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်တွေမှာဆိုရင်လည်း ကျောက်ဆည်ဆင်အဖွဲ့တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုငငံရဲ့ရိုးရာယဉ်ကျေးမှုတစ်ရပ်အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ကြရတဲ့အထိ ကျောက်ဆည်ဆင်အကဟာကမ္ဘာ့အလည်မှာပါ ဝံ့ကြွားစွာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဆင်ပြိုင်ပွဲမှာ ရိုးရာအငယ်တန်း(ကလေးဆင်)၊ ရိုးရာအကြီးတန်း၊ ဘော်ကြယ်တန်းဆိုပြီး သုံးမျိုးသုံးစားခွဲခြားပြီး အတန်းသုံးတန်း ယှဉ်ပြိုင်ကြရပါတယ်။ ဒီနှစ်မှာတော့ ရိုးရာအငယ်တန်းမှာ စာရင်းပေးထားတာ မင်းဇာနည်၊ ခန့်မှူးပိုင်၊ မင်းကျန်စစ်၊ မျိုးချစ်ရင်သွေး ဆိုပြီး ကလေးဆင် (၄)စီး စာရင်းပေးသွင်းထားပါတယ်။ ရိုးရာအကြီးတန်းမှာ ပိတောက်မြိုင်၊ လှယဉ်ကျေး၊ မျိုးဆက်သစ်၊ လှဂုဏ်ရောင်၊ ရွှေချိုင်းမောင်၊ မြင်စိုင်းဇာနည်၊ မင်းရွှေဆည်၊ ရွှေမောင်မောင်၊ ဒို့မဟာ၊ လှရွှေဆည်၊ ဇာနည်ဘွား၊ ဂရုဏာရှင်၊ ပဏ်၊ မင်းမြန်မာ၊ ဇင်လင်းဖြိုး၊ နောက်တိုး ဆိုပြီး ဆင် (၁၆) စီး စာရင်းပေးသွင်းထားပါတယ်။ ဒီနှစ်အတွက် ဘော်ကြယ်တန်းမှာတော့ ပြိုင်ပွဲအတွက် စာရင်းပေးသွင်းထားတာ (၃) စီးသာရှိပါတယ်။ ရွှေဇင်မောင်၊ ညဏ်လင်းထက်နဲ့ ဧရာမိုး ဆင်အဖွဲ့တွေပါ။ အတန်းသုံးတန်းအတွက် စုစုပေါင်း ဆင်အဖွဲ့ (၂၆)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြဖို့ စာရင်းပေးသွင်းထားပါတယ်။ ဒါကယှဉ်ပြိုင်မယ့် ဆင်အဖွဲ့တွေရဲ့စာရင်းပါ။ ဆင်ပွဲတော်ကြီးမှာ မယှဉ်ပြိုင်ဘဲ ဝင်ရောက်ဆင်နွှဲကြမယ့် ဆင်အဖွဲ့တွေကတော့ ခန့်မှန်းခြေ ဒီနှစ်မှာ ဆင်အဖွဲ့ ၅၀ ကျော်ပါဝင်ဆင်နွှဲလာနိုင်ပါတယ်။မိုးဇော်၊ ကေသီဦး၊ ဧရာမောင် အစရှိတဲ့ ဆင်အဖွဲ့တွေက ပြိုင်ပွဲမဝင်တော့ဘဲ ဆင်ပွဲတော်လာ ဧည့်ပရိတ်သတ်များကို နိုင်ငံကျော်တေးသံရှင်များနဲ့တွဲဖက်ပြီး ဧည့်ခံကြပါတယ်။ ရွှေသာလျောင်းတောင်ထိပ်ကနေ ဆင်မတဟဲလို့အဆိုရှိပါတယ်။ တောင်ထိပ်ကနေ ဆင်မယဉ်သာ ဟဲလိုက်တဲ့အသံကို ကြားရတဲ့ ရွာတိုင်း ရွာတိုင်းက ဒီပွဲတော်ကြီးကိုလာရောက်ဆင်နွှဲကြရပါတယ်။ ကလေး လူငယ် လူကြီးမကျန် ပါဝင်ဆင်နွှဲကြသလို ရပ်ဝေး ရပ်နီးမှလည်း လာရောက်လည်ပတ်ကြတယ်။ သတင်းကျွတ်ဆင်လှူပွဲတော်ကြီးကို နိုင်ငံခြားသား ဧည့်သည်တော် အတော်များများက စိတ်ဝင်တစားနဲ့ လာရောက်ပြီး မှတ်တမ်းတင်လေ့လာလေ့ရှိတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်ကားလာတဲ့ကျောက်ဆည်ဆင်လှူပွဲတော်ကြီးမှာ ဆင်တစ်ကောင်ပြိုင်ပွဲဝင်နိုင်ဖို့ဆိုတာမလွယ်လှပါဘူး။ အချိန်တွေ လူအင်အားတွေ ငွေတွေ ပညာရှင်တွေ အများကြီးရင်းရပါတယ်။ဒီနှစ်ဆို မြင့်တက်လာတဲ့ စရိတ်စကတွေကြောင့် ဆင်တစ်ဖွဲ့ရဲ့ ပြိုင်ပွဲဝင်ကုန်ကျစရိတ်ဟာ သိန်း ၅၀ ရဲ့ အထက်မှာရှိနေပါတယ်။ ဆင်​အသစ်​.... ၁၀သိန်း ဆင်​ဦးစီး.... ၂သိန်း၁သောင်း ဒိုး၊နှဲလင်းကွင်း.. ၁၃သိန်း ပြိုင်ပွဲဝင်သီချင်းရေးသားခ. ၁သိန်း ဆင်​ကြိမ်း၊မုဆိုး. ၃သိန်း ၀ါးတီး........ ၂သိန်း ပြိုင်​ပွဲအဆို... ၄သိန်း ပြိုင်​ပွဲအ၀တ်​စား. ၈သိန်း(လူ၈၀အတွက်​) KB.... ၂သိန်း Drum.... ၁ သိန်း၅သောင်း ဂစ်​တာ၊လိစ်​.. ၃သိန်း ​ခြောက်​လုံးပတ်​.. ၁သိန်း၂သောင်း ဆိုင်းဝိုင်း.... ၂သိန်း ​လေမှုတ်​..... ၁သိန်း၆သောင်း အဆို ၆ ​ယောက်​. ၂၀သိန်း ​ဆောင်း​ဘောက်​.. ၈သိန်း ဆင်​အက....... ၈သိန်း အလှဆင်​မီး... ၃သိန်း ကား(၆)စီး... ၇သိန်း စားစရတ်​.... ၅သိန်း ဒါကတော့ ဒီနှစ်အတွက် ပထမဆု မျှော်မှန်းပြီး အကောင်းဆုံးပြင်ဆင်ထားတဲ့ ရွှေဇင်မောင်ဆင်အဖွဲ့ရဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်။ ဒိုး နှဲ လင်းကွင်းက နိုင်ငံကျော် ရွှေတံဆိပ်ဆုရှင်တွေ ဖြစ်သလို ဝါးတီးကအစ နာမည်ရှိ ဘိသိတ်ဆရာတွေပါဝင်တီးကြမှာလို့ဆိုပါတယ်။ အဆိုရှင်တွေကလည်း နာမည်ကျော်တေးငံရှင်များ ဖြစ်တယ်လို့ပြောပါတယ်။ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့ ရွှေဇင်မောင်ဆင်အဖွဲ့က ဆင်ပွဲတော်အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာတဲ့ သမိုင်ကြောင်းကိုပါ ဆင်အင်အား လူအင်အားအပြည့်နဲ့ သရုပ်ပြဖျော်ဖြေတင်ဆက်ပေးသွားမှာလို့လည်းသိရပါတယ်။ ပြိုင်ပွဲဝင်ဆင်တွေက ကျောက်ဆည်မြို့မဈေးကြီးကို သုံးပတ်ပြည့်အောင်ပတ်ရပါတယ်။ ဈေးက ဘုရားပိုင် ဝတ္တကမြေဖြစ်တာကြောင့်လို့ဆိုပါတယ်။ အဲ့ဒီလို ဈေးကို တစ်ပတ်ပတ်ပြီးတိုင်း ဈေးထိပ်မှာရှိနေတဲ့ ဘုရားကို ဦးတိုက်ရပါတယ်။ သုံးကြိမ်ပတ်ပြီး သုံးကြိမ်ဦးတိုက်ရခြင်းပါ။ ဈေးပတ်လည်နေရာမှာ အမှတ်ပေးဒိုင် ၁ ၊ ၂၊ ၃၊ ဆိုပြီး ဒိုင်သုံးဒိုင်ကိုနေရာခွဲထားပေးပါတယ်။ ဒိုင်ခုံအမှတ် တစ်ခုစီမှာ သုံးကြိမ်စီပြည့်အောင် ဝင်ရောက်ယှဉ်ပြိုင်ရပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဆင်လှူပွဲတော်မှာ ပါဝင်လာတဲ့ ဆင်တွေများပြားလာတာရယ် ဆင်အဖွဲ့တစ်ဖွဲ့မှာ လူအင်အား ၅၀ လောက်နဲ့ မော်တော်ယဉ် ၅ စီး ၆ စီးလောက်ပါလာတတ်ကြတာကြောင့် ဆင်ပြိုင်ပွဲလမ်းကြောင်းကို ပိုမိုချဲ့ထွင်ပေးခဲ့ရပါတယ်။ နာမည်ကြီးဆင်တွေ နိုင်ငံကျော်တေးသံရှင်ဧည့်ခံဖျော်ဖြေတဲ့ ဆင်တွေရှိတဲ့နေရာတွေဆို ရှေ့ကိုတိုးလို့မပေါက်လောက်အောင်ကို လမ်းပိတ်ပိတ်သွားတတ်တယ်။ အဲ့ဒီအတွက် ပြိုင်ပွဲဝင် အမှတ်ပေးခုံဒိုင်တွေကို တစ်နေရာနဲတစ်နေရာ အလှမ်းဝေးအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ရပြန်တယ်။ ပြိုင်ပွဲဝင်တဲ့ဆင်တွေကို ဆင်အက တစ်ခုထဲ ကြည့်ပြီးအမှတ်ပေးတာမဟုတ်ပါဘူး။ အဆို အက အရေး အတီး အားလုံးပေါ်ကြည့်ပြီး အမှတ်ပေးတာပါ။ ဆင်အဖွဲ့တွေရဲ့ စည်းကမ်းလိုက်နာမှု တက်ကြွစွာပါဝင်မှု စည်းလုံးညီညွတ်မှုစတဲ့ အချက်တွေကိုပါကြည့်ပြီး အမှတ်ပေးတာပါ။ သီတင်းကျွတ်လဆန်း ၁၄ ရက် မနက် ၇ နာရီက စတင်ဖွင့်လှစ်တဲ့ဆင်ပြိုင်ပွဲတော်ကြီးဟာ တစ်နေကုန် မနားမနေ ယှဉ်ပြိုင်ကြ ပါဝင်ဆင်နွှကြပြီး ညပိုင်း၁၂ နာရီ ၁ ချက်လောက်မှသာ ဆုရရှိတဲ့ ဆုရဆင်တွေရဲ့ အမည်စာရင်းကို ကြေငြာနိုင်ပါတော့တယ်။ ဆုစာရင်းကြေငြာတဲ့အခါမှာလည်း အကယ်ဒမီဆုပေးပွဲလို ဘယ်သူများရလေမလဲလို့ ရင်တထိတ်ထိတ်နဲ့ မျှော်လင့်စောင့်စားကြရပြန်ပါတယ်။ ဆုရတဲ့ ဆင်အဖွဲ့တွေ ပျော်နိုင်ပါးနိုင်ပေမယ့် ဆုမရတဲ့ ဆင်အဖွဲ့တွေကျတော့ ခြေကုန်လက်ပန်းကျ နွမ်းခွေပြီး အိမ်ပြန်ကြရပြန်ပါတယ်။ ဆုရတဲ့ဆင်တွေက ညလုံးပေါက်နီးပါး မြို့ထဲ ပြန်လှည့်လည်ပြီး အောင်ပွဲခံကြပျော်ကြရွှင်ကြနဲ့ အင်မတန်မှကိုကြည်နူးစရာကောင်းပါတယ်။ သီတင်းကျွတ်လပြည့်နေ့ မနက်မှာတော့ မြို့သူမြို့သားတွေ ဆင်အဖွဲ့တွေက ရွှေသာလျောင်းတောင်ထိပ်မှာရှိတဲ့ ရွှေသာလျောင်းစေတီတော်မြတ်ကြီးကို ရွှေဆင်ရုပ် ငွေဆင်ရုပ်တွေကိုပိုက်ပြီး လက်ျာရစ် သုံးပတ်ပတ်ပြီး လှည့်လည်ပူဇော်ကြပါတယ်။ အဲ့ဒီနေ့မှာ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး အနော်ရထာမင်းမြတ်နဲ့ ဆင်မယဉ်သာတို့ကို ရည်စူးပြီး ကုသိုလ်ပြု အမျှတမ်းပေးဝေကြပါတော့တယ်။ ကျောက်ဆည်မြို့ကို တစ်ခေါက်တစ်ခါ အရောက်လာခဲ့ပါနော် (အရောက်လာခဲ့ပါနော်) ပျော်ရွှင်စရာပွဲတော်ကြီးကိ နွှဲပျော်ကြမယ်နော်(နွှဲပျော်ကြမယ်နော်) ရိုးရာမပျက် ဆင်လှူပွဲတော် ဆင်နွှဲကြမယ်နော် (ဆင်နွှဲကြမယ်နော်) ပျော်ကြ ရွှင်ကြ ဆင်လှူပွဲတော် ကာတွန်းဖောင်းဖောင်း လိုအပ်သည့် အချက်အလက်များကို ကူညီပေးသော ဦးဝင်းတင်(ဧရာမောင်ဆင်အဖွဲ့ခေါင်းဆောင်)၊ ဦးကျော်သန်း (မောင်ခိုင်ကျော်၊ကျောက်ဆည်- မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ)၊ ဦးစိုးရွှေ ( ရွှေဇင်မောင်ဆင်အဖွဲ့ခေါင်းဆောင်) တို့အား ကျေးဇူးတင်ရှိပါသည်။ မှီငြမ်း ၁။ ရွှေမုဌော၊ ရွှေသာလျှောင်း၊ မဟာမြတ်လေးဆူဘုရားသမိုင်း - ( ကျောက်ဆည်ဦးငြိမ်းမောင် ) ၂။ မြန်မာ့ဆင်ရုပ်ချိုးအနုပညာ - ( မောင်ရည်စိုးကျောက်ဆည် ) ၃ ကျောက်ဆည်သမိုင်း အသံသွင်းတိပ်ခွေ - ( ဆရာကြီးဦးသိန်း )

No comments:

Post a Comment